Saturday, November 10, 2007

အိမ်လွမ်းသူ


လွမ်းမိတယ်
မှိုင်းပျပျတောင်တန်းတွေနဲ့
အစီအရီပေါက်နေတဲ့ ထန်းတောတွေကိုလေ။

ဘယ်တော့များ ပြန်နမ်းရှိုက်ခွင့်ရမှာလဲ
စပါးခင်းတွေကို ဖြတ်သန်းပြီး တိုက်ခတ်လာတဲ့လေတွေကိုလေ။

လွမ်းတယ်
ဆည်းဆာအောက်မှာ
ရေခပ်ဆင်းတဲ့ ညီငယ် ညီမငယ်တွေကိုလွမ်းတယ်။
ဖုံတထောင်းထောင်းနဲ့
လှည်းလမ်းကြီးကိုလည်းလွမ်းတယ်။
ဖယောင်းတိုင်မီးလေးအောင်မှာ
ရေနွေးကြမ်းသောက်ရင်း
စကားစမြည် ပြောခဲ့ရတဲ့ညတွေကိုလွမ်းတယ်။

ငါ...နှုတ်မဆက်ခဲ့ပါဘူး
ဒါပေမဲ့
လမ်းခွဲခဲ့ရတယ်။
ငါ...မငိုကျွေးခဲ့ပါဘူး
ဒါပေမဲ့ မျက်ရည်တွေဖြိုင်ခဲ့တယ်။

ဒီ...အတိတ်ရဲ့တံစက်မြိတ်ထဲ
ငါ့အိပ်မက်တွေ ဘယ်တော့ပြန်ခြေချခွင့်ရမှာလဲ..
နည်းအမျိုးမျိုးနဲ့
ဆွဲမိဆွဲရာတွယ်ကပ်နေရသူတွေထဲ
ခြေသလုံးကို အိမ်တိုင်လုပ်နေရတဲ့ ဟောဒီ ငနဲတစ်ယောက်ကတော့
အခုထိ အိမ်မပြန်နိုင်သေးဘူး ။ ။ ။

1 comment:

99 said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ..။
ရိုးရိုးစင်းစင်းလေးနဲ့ ထင်ထင်လင်းလင်း မြင်သာအောင် ဖွဲ့ထားတာ။
ကဗျာဖတ်ပြီး ကျနော်လည်း လွမ်းသွားတယ်ဗျ။
အထူးသဖြင့်တော့ ..
စပါးခင်းတွေဆီက လေပြေညင်းတွေနဲ့ ..
ဖယောင်းတိုင်မီးအောက်မှာ စကားပြောခဲ့ကြတဲ့
အလင်းမှိန်မှိန် ညတွေကိုပေါ့ဗျာ ..။
ကြိုးစားထား .. အမြဲအားပေးနေတယ်ဗျ။