(၁)
အတိတ်မေ့သွားတယ်
မနေ့က ဘာဖြစ်ခဲ့တယ် ငါ..မသိဘူး
အဲဒီ မသိတာကိုပဲ
ငါ...တကယ်မသိဘူး ။
(၂)
သောကမျက်နှာနဲ့လူတွေ
ငါ့ဘေးမှာ ၀ိုင်းအုံနေကြတယ်
နတ်ဆရာလို လူကြီးတစ်ယောက်ကလည်း
ပါးစပ်က ပွစိပွစိ ရွတ်ဆိုနေပြီး
ငါးပက်သလို
ငါ့ ကိုယ်ထဲက မကောင်းဆိုးဝါးကို ပက်ထုတ်နေတယ် ။
တချို့က ယက်ခပ်ပေးတယ်
တချို့က ငါ့ နှာခေါင်းကို ဘာမှန်းမသိတဲ့ ဆေးရည်တွေသုတ်တယ်
တချို့က ငါ့ ခြေထောက်ကို အသားကုန်နှိပ်တယ် ။
(၃)
လက်ရှိ အသက်သွင်းထားတဲ့
လောလောလတ်လတ် တဒင်္ဂလေးကိုတောင် ငါ မသိဘူး
ငါ့ရဲ့ ဖြစ်တည်မှု့ဟာ
ငါ့ ခန္ဓာနဲ့ ငါ့ စိတ်မဟုတ်ဘူး
ငါ စကားပြောတယ်
အသံ မထွက်ဘူး
ငါကြည့်တယ်
(လမိုက်ညမှာ ဘလက်ဘုတ် မဲမဲကြီးကို မျက်မှန်အမဲ တပ်ကြည့်သလိုမျိုး)
ငါ ဘာမှမမြင်ရဘူး ။
(၄)
ငါ ဖြစ်တည်တယ်
ငါ့ရဲ့ ဖြစ်တည်မှု့ဟာ
ခြေနှစ်ချောင်းလား
နာခေါင်း နှစ်ပေါက်လား
အသဲနှလုံးလား ဆိုတာ ငါ တကယ်မသိဘူး ။
(၅)
ဒီလိုမျိုး
တစ္ဆေပူးဝင်ခြင်းခံရတဲ့ ငါ့ လက်ကျန် အချိန်
ရှင်လျက်သေနေတဲ့ ဖြူဖတ်ဖတ် ငါ့ မျက်နှာ
မိတ်ဆွေတို့ရဲ့ နောက်ဖေးလမ်းကြားက တီးတိုးအသံ
ငါ..တကယ်မသိဘူး ။
(၆)
ငါ....
ဘယ်တော့များမှ ပြန်ရှင်သန်နိုင်မှာလဲ
တစ္ဆေပူးဝင်ခြင်း မရှိတဲ့
တစ္ဆေတစ်ကောင်မှလည်း မရှိတဲ့
အထက်ချောင်းက ခေါင်းလောင်းမြို့တော်ကိုလေ ။ ။ ။
** တကယ်တော့ အထက်ချောင်းဆိုတာရော..ခေါင်းလောင်းမြို့တော် ဆိုတာရော တကယ်ရှိမရှိ ကျွန်တော်
တကယ်မသိပါ ။ ။ ။
25,12,2007
Christmas Night
Wednesday, December 26, 2007
တစ္ဆေပူးခြင်း
Posted by
elevator
at
8:12 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment