Monday, October 22, 2007

သို့.......အမေ

အမေ..နေကောင်းတယ်နော်..
ရပ်ဝေး မြေခြားကို အခြေအနေ၇ေ၇ာက်နေပေမဲ့
အမေ့ကို ဘယ်တော့မှ သားမမေ့ပါဘူး..
အမေ့ရဲ့ ရုပ်ရည်တွေ ဇရာထောင်းလို့ အရောင်တွေပြောင်းလဲ
အမေ့ရဲ့ ခြေလက်တွေ ဇရာခြွေလို့ တွန့်ကြေနေလဲ
သားသမီးအပေါ်မှာထားတဲ့ အမေ့မေတ်တာတရားဟာ
ဘယ်တော့မှ မပြောင်းလဲပါဘူး အမေ..

အမေရေ..
အခုတလော သားစာမကျက်ဖြစ်ဘူး..
ကျက်လိုက်တဲ့ သင်္ခန်းစာတွေက
ရဟန်းတော်တွေနဲ့ ပြည်သူတွေပြေးလွားနေတဲ့ ပုံရိပ်တွေဖြစ်ဖြစ်နေတယ်အမေ..

အခုတလော သားကဗျာတွေ သိပ်မရေးဘူး
ရေးလိုက်တဲ့ ကဗျာတိုင်းဟာလည်း
ကာရန်မမိ သွေးညှီနံ့တွေရရနေတယ်အမေ..

အမေ..တစ်ယောက်ကော လုံခြုံပါရဲ့လား...
မုန်ယဇ်နေတဲ့ ဆင်လို
(သခင်ကိုတောင် မချန်)
လာလာသမျှလူတွေကို ထိုးဝှေ့တတ်တဲ့

အမဲရိုးချီထားတဲ့ ခွေးလိုီ
(တစ်အိမ်ထဲက သူငယ်ချင်းကိုတောင်မချန်)
လာလာသမျှ ခွေးတွေကို မာန်ဖီးပြီရန်မူတတ်တဲ့

စိတ်ကြွဆေးပြားစားထားတဲ့ ငမိုက်သားလို
မိတ်ဆွေရန်သူတောင် မခွဲခြားတတ်တဲ့
ဒီရူးမိုက်သူတွေ အောက်မှာ
သား...ဘယ်လိုလုပ်ပြီး စိတ်ချနိုင်မှာလဲ အမေ..

သားကိုမတွေ့ယင် အမကိုညှင်းဆဲ
အမကိုမတွေ့ယင် အမေကို နှိက်ကွက်
လွတ်လပ်ခြင်းဆိုတာ ဘယ်မှာလဲ အမေ..

အမေ..ရေ
အမေအိုကို မဆိုထားနဲ့
အမေတို့ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်ခဲ့တဲ့
သာသနာ့ဝန်ထမ်း ရှင်ရဟန်းစစ်စစ်တွေကိုတောင်
သေနတ်နဲ့ပြစ် ဒုတ်နဲ့ရိုက်နဲ့
အတင်း အကြပ် ဖိနှိက်နေခဲ့တာ...

အမေရယ်
တစ်ဘ၀စာ ၀မ်းရေးလေးအတွက်
ပြည်သူတွေ အသက်ပေးရလောက်အောင်
တစ်ဘ၀စာ ရပ်တည်ရေးအတွက်
ရှင်ရဟန်းတွေ သွေးမြေကျလောက်အောင်
တစ်ဘ၀စာ ဇိမ်ခံရေးအတွက်
ပြည့်ဘဏ်နာတွေ ပျက်ပျက်ပြုန်းလောက်အောင်
မမိုက်ရိုင်းသင့်ခဲ့ပါဘူး အမေ...

ဒီဘ၀ ဒီမျှ့ပဲ ထင်ပါရဲ့ အမေ
မြင့်မိုရ်မက ကျေးဇူးကြီးမားတဲ့ အမေအိုရဲမျက်နှာကို
သားတစ်ယောက် မြင်ရဖို့မလွယ်တော့ဘူး
နှိုင်းစရာ မရှိအောင်ကြီးမားတဲ့ အမေအိုရဲ့ ကျေးဇူးတွေကို
သားတစ်ယောက် လက်တွေ့ကျကျ ဆပ်ရဖို့ မလွယ်တော့ဘူး..

အို...အမေရယ်
အမေအို ဒီလောကကြီးထဲက မထွက်ခွါခင်
ဟောဒီ ငရဲသားတွေ လက်က
သားတို့တတွေ အမြန်လွတ်မြောက်ပါရစေလား...
(အမေအိုနဲ့ ပြန်ဆုံနိုင်ဖို့လေ)

အမေ..အဖေနှင့် ဝေးနေရသူ အားလုံး... သို့........
၂၂.တနင်္လာနေ့.၂၀၀၇

Wednesday, October 17, 2007

အမှောင်ခေတ်


နေ့တွေ အလင်းမဲ့နေတာကြာပြီလေ
ညကလည်း ကုန်းကောက်စရာမရှိလောက်အောင်
သူ့ကိုသူ အမှောင်ချလို့ ။

ဘ၀က
ဖျောက်ဆိတ်ကြယ်လောက်တောင် မလင်းတော့
သွားနေတာလား
ရပ်နေတာလား
ဘာမှကို မသေချာဘူး ။

သေချာတာက
ဒီကဘာမှာ ငါတို့တွေ နောက်ဆုံးရောက်နေတယ်ဆိုတာပဲ ။

ဒီလိုနဲ့
ပြားချပ်နေတဲ့ ငါတို့ဝမ်းတွေ
ချုပ်ကြိုးထပ်နေတဲ့ ငါတို့ပါးစပ်တွေ
အနာဂတ်မဲ့နေတဲ့ ငါတို့ကောင်းကင်တွေ
ပြီး....
နေရာတကာမှာ အနိုင်ကျင့်ခံနေရတဲ့ ငါတို့သမီးပျိုလေးတွေ
ဘယ်အချိန် ဘယ်ကာလ ဘယ်ကဘာထိ
(ဟောဒီ အမှောင်ထုရဲ့အောက်မှာ)
ဆက်လက် အသုံးတော်ခံနေရအုံးမှာလဲ ။ ။ ။

၁၇.၁၀.၂၀၀၇
၇း၂၀ Wed day

Tuesday, October 16, 2007

Monday, October 15, 2007

ဘော်ဒါကြီး ပီခေ... သို့

မကြေကွဲတော့ပါဘူး
ရင်နာနာနဲ့ အကြွေစောခဲ့သူတွေအတွက်...

ဒါဟာ ဆုံးရှုံးမှု့တစ်ခုဆိုရင်တောင်
သမိုင်းတစ်ခုတော့ သူတို့ ထားရစ်ခဲ့ကြတာပဲ ။

ပီခေကြီးရေ (yzarc rewop)
ငါတို့ရဲ့ ငြီးတွားသံတွေ
ငါတို့ရဲ့ တောက်ခေါက်သံတွေကို
ရင်ခွင်ထဲ
ကျေကျေနပ်နပ်ကြီး သိမ်းထားရက်နိုင်ပါပေတယ် ။

မဆံ့မပြဲနဲ့
တစ်စစီပေါက် ကွဲလာမဲ့တစ်နေ့ထိ
အသင်ပီခေ
မိုက်မိုက်ကန်းကန်းနဲ့ လွယ်ပိုက်ထားတော့မှာလား ။

"သမုဒ်ဒရာထက်
ခဏတက်တဲ့ ရေပွက်" တဲ့။

တကယ့်ကြေကွဲစရာပါပဲ
မြင့်မြင့် မြတ်မြတ် တရားသံတွေအတွက်
ပီခေ့ နားတွေ ဆွံ့အနေတယ်
မြင့်မြင့်မြတ်မြတ် ရုပ်ပွားတော်တွေအတွက်
ပီခေ့ မျက်လုံးတွေကန်းနေခဲ့တယ် ။

ပီခေရေ
ူမင်းကြောင့် ဒို့လမ်းတွေ မဖြောင့်ဖြူးတော့ဘူး
မင်းကြောင့် ဒို့အိမ်တွေ အမိုးမလုံတော့ဘူး
မင်းကြောင့် ဒို့ဘ၀တွေ အလင်းမရှိတော့ဘူး
မင်းကြောင့် ဒို့အနာဂတ်တွေ မလှပတော့ဘူး ။

ပီခေရေ
မင်း လုပ်ရက်ခဲ့တယ်ကွာ
မင်းလက်မှာ မြင့်မြတ်သူတွေရဲ့ သွေးတွေပေကျံနေတယ်
မင်း ဘက်နက်ထိပ်မှာ ဒို့လူမျိုးစစ်စစ်တွေရဲ့ သွေးတွေ (ရန်သူမဟုတ်.ဖက်ဆစ် သူပုန်လည်း မဟုတ်ပါ) ကပ်ငြိနေတယ် ။

ပီခေရေ
မင်း...
မင်း...
မင်းတော့ကွာ ။ ။

anaggha

Thursday, October 11, 2007

ပန်းတိုင်



ဖြစ်ခဲ့သမျှလွမ်းမောဖွယ်
ပြန်ပြောင်းကာ မတွယ်နဲ့
မြောင်းကြားထဲမှာချ
ဒိုင်ယာရီဟောင်းမှာ ထည့်ပစ်ပြီး
နေ့သစ်ကို ရှာ
အင်ဂျင်အသစ်ကို ပြောင်းတပ်
ခပ်ကြမ်းကြမ်း ခရောင်းလမ်းတွေကို
အပြင်းသာ ကျော်ဖြတ်
လေညှင်းတို့ရဲ့ ဆဲဆိုသံ
ခရောင်းလမ်းရဲ့ ငြီးတွားသံတွေကို
ဂရုမစိုက်
ငါလိုတဲ့ ခရီးပန်းတိုင်သို့
တည့်တည့် မတ်မတ် ဦးတည်လို့သာ ။ ။

ဧဏီစိုး

Wednesday, October 10, 2007

အတွေး




ကျွန်တော်ဟာ
အကြားအမြင်တော့မရပါဘူး
ဒါပေမဲ့
ချင့်ချိန်စဉ်းစားတတ်ပါတယ် ။

ကျွန်တော်မှာ
မျက်စိနှစ်လုံးပါ ပါတယ်
ဒါပေမဲ့
တခါတရံမှာမမြင်တတ်ပါဘူး ။

ဒို့တတွေဟာ
အနာဂတ်ရဲ့ သားကောင်းသာ ဖြစ်သင့်တယ်
အနာဂတ်ရဲ့ သားကောင် မဖြစ်သင့်ဘူး ။ ။